BRAINLESS ၏ ခါးတောင်းတစ်ခြား၊ ဖင်တစ်ခြား ယောင်နန၊အူကြောင်ကျား BIRTHDAY CELEBRATION
![]() |
ဒီဇာတ်လမ်း ကို စပြီးပြောပြရရင် မနေ့ကစပြောရမယ်။
မနေ့ကကျွန်တော်အလုပ်သိမ်းခါနီးအချိန်မှာ
ကျွန်တော်တို့ဌာနကအုပ်ချုပ်သူတစ်ယောက်က ကျွန်တော်ကိုခေါ်ပြီး
အလုပ်ကိစ္စတစ်ခုကိုအကြောင်းပြပြီး ကျွန်တော့်ကိုအခြားတစ်နေရာကို
သွားဖို့ပြောတယ်။
အော်...ကိုယ့်အထက်လူကြီးကပြောတော့လဲ
ဒီငနဲသား BRAINLESS ဘယ်သိမလဲ ယောင်ပေ၊ယောင်ပေ
နဲ့ထွက်သွားရတာပေါ့။နောက်တစ်နာရီလောက်ကြာတော့
ကျွန်တော်ပြန်ရောက်လာတယ်။ရောက်လျှင်ရောက်ခြင်းပဲ ဌာနတူလုပ်ဖေါ်ကိုင်ဖက်
တခြားနိုင်ငံသားဘော်ဒါတစ်ယောက်က ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ပြီး "HAPPY BIRTHDAY ပါ သူငယ်ချင်း"
ဆိုပြီး ကြိုဆိုပါတယ်။ ဒီကငနဲသားBRAINLESS ကလည်း
ဘာမှသဘောမပေါက်ဘူး။အဲဒီလူကိုပြန်ပြီးအပြစ်တင်လိုက်သေးတယ်" ဒီငနဲသား
လူကိုဘာလာပြီး ကြောင်တာလဲ? " ပေါ့ ။ဒီလိုနဲ့  အလုပ်ချိန်ပြီလို့
ကိုယ့်အိမ်ကိုပြန်ကြရတယ်။ ဒီနေ့...့ လုပ်ငန်းခွင်ဝင်ဖို့ရာအတွက် ဖယ်ရီကားပေါ်ကနေဆင်းခါဘဲ ရှိပါသေး ...ဖုန်းဝင်လာတယ်" ဒီနေ့ ၀န်ထမ်းများအားလုံး ပုံမှန်အလုပ်ချိန်ထက် (၁၅)မိနစ် စောပြီး လုပ်ငန်းခွင်ဝင်ရပါမယ်" တဲ့။ငနဲသား BRAINLESS ခမျှာ မီးကျည်းခဲရဲရဲ မှာကင်ထားတဲ့ သံတုံးကဲ့သို့ နှာခေါင်းကြီးရဲခနဲနီပြီး စိတ်တိုသွားတယ်။ (ရှေးလူကြီးတွေပြောခဲ့တဲ့စကား အရမ်းမှန်တယ် " လူပုတော့ စိတ်တိုလွယ်တယ် ၊ .......ပုတော့ ရန်လို " ဆိုတဲ့ စကားရှိတယ် ။ တခြားမည်သူ့ကိုမှ မရည်ရွယ်ပါ၊ ကိုယ့်ကိုကိုယ် ဝေဖန်ခြင်းသာဖြစ်ပါသည် ) စိတ်ထဲကလဲ " ဘာတွေ ဘယ်လိုဖြစ်ပြီး စည်းကမ်းတွေက ပြောင်းသွားပြန်ပြီလဲ မသိဘူး" ဆိုပြီး ပြောမိတယ်။ဒီလိုနဲ့ ..စိတ်မပါ့တပါပဲ (၁၅)မိနစ်စောပြီး အလုပ်ထဲဝင်ရပြီပေါ့။စိတ်ထဲကလဲတင်းနေတော့ မျက်နှာထားကလဲ ရှူတည်တည်နဲ့ ၊ ဂဏန်းသွားသလို စောင်းငန်း စောင်းငန်းလမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကိုဝေ့၀ိုက် အကဲခတ်ပြီး ၀င်လာတယ်။တချို့ကလည်း ပြုံးပြီးကျွန်တော့်ကိုကြည့်နေကြတယ်။တချို့ကလည်း မွေးနေ့ကိတ်တွေ ၊ အချိုရည်ပုလင်းတွေ ၊လက်ဖက်ရည်တွေ စသည်ဖြင့် တွေ နဲ့အလုပ်ရှုပ်နေကြတယ်။ဒါနဲ့ပဲ အနီးနားမှာရှိတဲ့လူတစ်ယောက်ကို မေးကြည့်တယ်" သူတို့ မွေးနေ့ကိတ်တွေနဲ့အလုပ်ရှုပ်နေကြတာ ဘယ်သူ့ရဲ့မွေးနေ့လဲ? " လို့မေးကြည့်တော့ အမေးခံရသူက ပြုံးပြီး "မသိဘူး " လို့ဖြေတယ် ။ မသိဘူးဆိုတော့လဲ ထပ်မမေးတော့ဘူးပေါ့။ဝန်ထမ်းအားလုံးစုံတဲ့အခါမှာ မွေးနေ့ပွဲကျင်းပကြမယ်ဆိုပြီး မွေးနေ့ကိတ်နဲ့တကွ ခင်းကျင်းပြင်ဆင်ထားတဲ့နေရာမှာ လူစုလိုက်ကြတယ်။ကျွန်တော်လဲရောင်ပေ ၊ရောင်ပေ ရောပါရင်းနဲ့  လူစုတွေကြားထဲမှာပဲရပ်နေရင်းနဲ့ မွေးနေ့ရှင်ဘယ်သူလဲ ဆိုပြီးဇဝေ ဇ၀ါနဲ့ဖြစ်နေတယ် ။ အဲဒီအချိန်မှာဘဲ အကြီးအကဲတစ်ယောက် ကစပြီး " HAPPY BIRTHDAY " သီချင်းကိုစဆိုလိုက်တော့ အားလုံးကလဲ တပြိုင်ထဲ၊ တညီတညွတ်ထဲ လက်ခုပ်တွေတီးပြီး " HAPPY BIRTHDAY " သီချင်းကို လိုက်ဆိုကြတယ်။ကျွန်တော်လဲ သူတို့နဲ့အတူရောပြီး လက်ခုပ်တွေတီးပြီး " HAPPY BIRTHDAY " သီချင်းကိုလိုက်ဆိုရင်းနဲ့ မွေးနေ့ရှင်ကိုလိုက်ရှာနေမိတယ်။" မွေးနေ့ရှင်ကလဲ ဘယ်ရောက်နေပါလိမ့်" ဆိုပြီး စိတ်ထဲကနေ ရေရွတ်နေမိတယ် ။အဲဒီလို " HAPPY BIRTHDAY " သီချင်းကို ပျော်ပျော်ပါးပါးဆိုနေကြရင်းနဲ့ တောင်အာဖရိကနွယ်ဖွား အကြီးအကဲခေါင်းဆောင်တစ်ယောက်က လူအုပ်ကြားထဲကထွက်လာပြီး ကျွန်တော့်ရဲ့လက်ကိုဆွဲခေါ်ပြီး မွေးနေ့ကိတ်ရှိရာသို့ခေါ်သွားရင်း " ဒီမွေးနေ့ပွဲလေးက မင်းအတွက်ပါ ။ဒီနေ့ မင်းရဲ့မွေးနေ့ မို့လား? ဘယ်လိုလဲ? " လို့ မေးလိုက်တယ်။ကျွန်တော် တခဏမျှ သူ့ကိုကြောင်ပြီးကြည့်ရင်း ပါးစပ်အဟောင်းသားနဲ့  ကြက်သေ သေသွားတယ်။ နောက်မှ ကျွန်တော့်ရဲ့ PASSPORT စာအုပ်ကို ဖျက်ခနဲသတိရလိုက်ပြီး " အင်း..ဟုတ်တယ်လေ ဆိုပြီး ရောရောင်ချလိုက်ရင်း " အားလုံးကို ကျေးဇူးတင်ပါတယ် " ဆိုတဲ့အကြောင်းပြောရင်း မွေးနေ့ကိတ်ကို စပြီးလှီးလိုက်တယ် ။ လက်ခုပ် သံများဆူညံသွားပါတယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာတော့ ပျော်ရတော့မလိုလို ၊ ဘာလိုလို နဲ့ ပြောမပြတတ်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်နေတယ်။အားလုံးကလဲ မွေးနေ့ကိတ်နဲ့ ကျွန်တော်ရဲ့မျက်နှာကို ၀ိုင်းပြီး သုတ်လိုက်ကြတာ မျက်နှာမှာလဲ ပေပွကုန်တယ်။ဓါတ်ပုံတွေလဲ ၀ိုင်းပြီးရိုက်ကြတယ်။မွေးနေ့လက်ဆောင်တွေလဲ ၀ိုင်းပြီးပေးလိုက်ကြတာ စုပုံသွားတာပါပဲ။အဲဒီလိုနဲ့ ပျော်ပျော်ပါးပါး ၀ိုင်းပြီးစားကြ ၊ သောက်ကြလိုက်တာ တော်တော်လေးစည်ကားသွားပါတယ်။မွေးနေ့ပွဲလေးပြီးသွားတော့ ကျွန်တော်တို့ရဲ့ အုပ်ချုပ်သူ အကြီးအကဲက သူ့ရုံးခန်းလေးထဲကို ကျွန်တော့်ကိုခေါ်သွားပြီး " ပျော်ရဲ့လား ၊ ဘာညာမေးရင်း ၊ မနေ့ကတုန်းက အလုပ်ကိစ္စအကြောင်းပြပြီး မင်းကိုအပြင်လွတ်လိုက်တာဟာ ငါတို့အားလုံး မင်းရဲ့မွေးနေ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးချင်လို့ပါတဲ့။မင်းကိုကြိုပြီးမသိစေချင်လို့ ရှောင်းခိုင်းတဲ့သဘောပါတဲ့။ဒီနေ့ဟာ မင်းရဲ့မွေးနေ့ဟုတ်ပါတယ်နော်..မဟုတ်ရင်တော့ ငါတို့အရှက်ကွဲပါပြီ " လို့ခေါ်ပြောတယ် ။ကျွန်တော်လဲ သူတို့ရဲ့စေတနာကိုနားလည်သဘောပေါက်ပြီး " ဟုတ်ပါတယ်၊ရုတ်တရက်မို့ ၀မ်းသာ အံ့အားသင့်ပြီး ဘာစကားမှပြောမထွက်တာပါလို့" ပြန်ပြောပြီး ကျေးဇူးတင်စကားဆိုပြီး ရုံးခန်းထဲကနေ ပြန်ထွက်လာခဲ့တယ်။ (ကျွန်တော် BRAINLESS အင်္ဂလိပ်လိုပြောတယ်ဆိုလို့ အရမ်းအထင်မကြီးလိုက်ပါနဲ့...တောင် တစ်လုံး မြောက် တစ်လုံး ဗလုံးဗထွေးနဲ့ အဆီအငှော် မတည့်စွာ ငါးပိလုံးများပစ်လွှတ်လိုက်ခြင်းသာဖြစ်ပါသည်။ )အမှန်တကယ်အတိုင်းပြောရရင် ကျွန်တော့်ရဲ့မွေးနေ့ အစစ်က ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းကပြီးခဲ့ပြီဖြစ်သလို ၊ နောက်လာမယ့် စက်တင်ဘာလ ဆိုတာလဲ တော်တော်ခပ်ဝေးဝေးလိုပါသေးတယ်။ဒီတစ်ခါတော့ နည်းနည်းလေးမဟုတ်တော့ပါဘူး။ကျွန်တော် BRAINLESS တော်တော်ခပ်များများကို လွဲသွားရတာပါ ။
*** ကဲဘယ်လိုလဲ... ကျွန်တော် BRAINLESS သူမတူအောင်လွဲတဲ့အလွဲတွေကို ယုံကြပြီမဟုတ်ပါလား ?
*** ယခုဖေါ်ပြပါ အကြောင်းအရာသည် ဇာတ်လမ်းထွင်ဖေါ်ပြခြင်း မဟုတ်ရဘဲ ကျွန်တော့်ရဲ့ တကဲ့လက်တွေ့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များသာဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည် ခင်ဗျား............
ဘယ်လိုပင်ဖြစ်ပါစေ ကျွန်တော့်ကိုဂရုတစိုတ်နဲ့ အခုလို တကူးတကစီစဉ်ပေးကြတဲ့သူတွေ အားလုံးကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ကျွန်တော် ဒီအရွယ်ထိရောက်လာသည့်တိုင် ကိုယ့်အတွက်ကို ဘယ်တုန်းကမှ အခုလို အခမ်အနားတွေ၊အထိမ်းအမှတ်ပွဲတွေ လုပ်ဖို့မဆိုထားနဲ့  စိတ်ကူးတောင်မယဉ်ခဲ့မိပါဘူး။ဒီလိုပဲ ဖြစ်သလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖာသိဖာသာ နေရင်းဖြတ်ကျော်လာခဲ့တာ ဆယ်စုနှစ်တွေ ဘယ်လောက်တောင် ကုန်လွန်ခဲ့ပြီးပြီလဲ .....
*** ကျွန်တော့်ဘ၀ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့လမ်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ရယ်ရွှင်ဖွယ်ရာ အလွဲအမှားတွေကို အလျှင်းသင့်သလို ရေးသားပေးသွားမယ်လို့တော့ ရည်ရွယ်ထားပါတယ်။။။။
ရယ်မောခြင်းဖြင့် ဘ၀အမောတွေ ပြေနိုင်ကြပါစေ..........
No comments:
Post a Comment